ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label သတင်း အစုံဖတ်ရန်. Show all posts
Showing posts with label သတင်း အစုံဖတ်ရန်. Show all posts

Thursday, August 16, 2018

မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်

မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်
===============
မြိတ်မြို့၌ ယခု သြဂုတ်လအတွင်း မြို့ပေါ်တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသော စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူများကို အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်း၍ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ တင်းတင်း ကြပ်ကြပ် ဖမ်းဆီးအရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြမှုကော်မတီကို တိုင်းအစိုးရရဲ့ လမ်းညွန်မှုနဲ့ ဖွဲ့စည်းလိုက်ပါပြီ။ ဖမ်းဆီးရေး အပိုင်းကိုတော့ အခုလ ၂၀ ရက်နေ့ထဲမှာ စဖမ်း ပါမယ်၊ ဖမ်းတဲ့အခါမှာလည်း အဖွဲ့ပေါင်းစုံပါလို့ အရင်လို့ မဟုတ်တော့ပါဘူး၊ ထိထိရောက်ရောက်ကို ဖမ်းမှာ ဖြစ်သလို၊ နေ့ ည မရွေး ဖမ်းဖို့ ရှိသလို လူထုအသွင်လှုပ်ရှားမှု အစီအစဉ်ဖြင့် ဖမ်းဆီးသွားမှာပါ ဖြစ်တယ်" ဟု စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီးရေး မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောသည်။
ဖမ်းဆီးခြင်း အရေးယူခံရမည့် မော်တော်ဆိုင်ကယ်များနှင့် ယာဉ်ပိုင်ရှင်များကို တရားရုံးသို့ ချက်ချင်း ပို့ဆောင်ပြီး၊ ဥပဒေအရ ထိထိ မိမိ အရေးယူသွားမည်ဖြစ်သည့်အပြင် မော်တော်ဆိုင်ကယ်အား ၁၅ ရက်တိတိ ထိန်းသိမ်းသွားမည်ကို ဟု ယင်းကော်မတီထံမှ သိရသည်။
မြိတ်မြို့ခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက”ဦးထုပ်မဆောင်း စည်းကမ်းမဲ့ မောင်းတာကို ဖမ်းသင့်ပါတယ်၊ ထိထိရောက်ရောက် စစ်ဆေးပြီး၊ အရေးယူဖို့တော့ လိုပါတယ်၊ ဘယ်မှာပဲ ဖြစ်ဖြစ် မြိတ်မှာ နေ့စဉ် နီးပါး ယာဉ်တိုက်မှုတွေ များနေလို့ အခုလိုမျိုး အရေးယူတာ လက်ခံသင့်ပါတယ်”ဟု ပြောသည်။
မြိတ်မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀% နှုန်းမှာ ဦးထုပ် မဆောင်းခြင်း၊ မှန်ကိုင်း မပါခြင်း၊ နံပါတ်ပြားများ မတပ်ဆင်ခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိခြင်း၊ ပရမ်းပတာ မောင်းနင်းခြင်း၊ မီးနီမီးဝါ ဖြတ်မောင်းခြင်း၊ မြွေလိမ် မြွေကောက် မောင်းခြင်း၊ မြို့တွင်း ကီလို မီတာ ၆၀ ထက် ကျော်လွန်၍ မောင်းနင်းခြင်း၊ မူးယစ်ဆေးဝါး သောက်စား၍ မောင်းနင်းခြင်း၊ လမ်းသွယ်များ၊ ညာကပ် ဘယ်ကပ်၊ ဖြူ/ နီ ရပ် နေရာ လမ်းကြောင်းများတွင် စည်းကမ်းမဲ့ မောင်းနှင်သူ များကြောင်း ယင်း ကော်မတီထံမှ သိရသည်။
“ပြီးခဲ့တဲ့ အပတ်က ဂေါက်ကွင်း မီးပွိုင်မှာ စည်းကမ်း ဖောက်ပြီး၊ မီးနီ ဖြတ်မောင်းလို့ ၂၄ နှစ် အရွယ် ဘွဲ့ရ အမျိုးသမီးငယ် တစ်ဦး အသက်ဆုံးရှုံး လိုက်ရပါတယ်၊ သေကံစေ့လို့ အချိန်ကျလို့ပဲ ဖြစ်ဖြစ် ဥပဒေမဲ့ လုပ်ရပ်ကြောင့် ပြစ်မဲ့ ပြည်သူ တစ်ဦး အသက်ဆုံးရှုံး လိုက်ရတာ နှမျှောစရာ ကောင်းပါတယ်၊ ဥပဒေအရ အကာအကွယ် မပေးနိုင်သူတွေရဲ့ အပြစ်ကြောင့် မိသားစုအတွက်သာမက တိုင်းပြည်အတွက် လုပ်အားတန်ဖိုးပါ ဆုံးရှုံးရတယ်၊ ဒီလို မီးနီ ဖြတ်မောင်းသူကတော့ အပြစ်ပေးခံရလား မရဘူးလား ဆိုတာ မသိရဘူး၊ ကရာနီလမ်းဆုံမှာလည်း ယာဉ်ထိမ်းရဲ ရှိလျှက်နဲ့ ယာဉ်ကို ဖြတ်မောင်း သွားလာနေကြတာ ဥပဒေက အရ အရေးယူဖို့ အများကြီး လိုအပ်နေပါသေးတယ်၊ ဒါကြောင့် တိကျစွာ အရေးပေးဖို့ လိုတယ်”လို့ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ ဦးသန်းလှစိုးက ပြောသည်။
ထိုအပြင် မြိတ်တွင် မော်တော် ဆိုင်ကယ်ဖြင့် ရပ်ကွက်လိုက် Taxi (ကယ်ရီ) ပြေးဆွဲခြင်း၊ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေသူ များလည်း ရှိရာ အများစုက လက်ရှိမှာ အသင်းအဖွဲ့များ မရှိခြင်း၊ ဦးထုပ်များကို ၁ လုံး ထက် ပို၍ ဆောင်ထားခြင်း မရှိခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိသည့် အပြင် မှန်ကိုင်းများကို လည်း တပ်ဆင်ထားမှု အားနည်းနေကြောင်း မြို့ခံများထံမှ သိရသည်။
မြိတ်ကုန်တိုက်တွင် ဆိုင်ကယ် Taxi (ကယ်ရီ) ပြေးဆွဲနေသူ ကိုစိုးရှိန်က”ယာဉ်တိုက်မှုတွေ များလာလို့ ပြည်သူတွေကို ကွယ်ကာတဲ့ ဥပဒေ အရ ဖမ်းဆီးတာ လက်ခံလို့ ရပေမယ့် ကျွန်တော်တို့ တစ်နေ့ လုပ်၊ တစ်နေ့စား လုပ်နေတဲ့ ဆိုင်ကယ်သမားတွေ အခက်အခဲ အချို့ ဖြစ်သွားနိုင်ပါတယ်၊ သက်ဆိုင်ရာ လူကြီးတွေက ဒီတစ်ခုတည်းကို အပြစ်ပုံချပြီး၊ ဖမ်းဆီးမဲ့အစား မြို့ပေါ်မှာ အခု ၂ လုံး ၃ လုံး ချဲဂဏန်း ရောင်းသူတွေ ဘောလုံးပွဲ ဒိုင်တွေနှင့် လောင်းကစား ဒိုင်တွေကိုလည်း ပေါ်ပေါ် ထင်ထင် ရောင်းနေတာကို မျက်ကွယ် ပြုထားသလို ဖြစ်နေလို့ ဒါကိုလည်း ဖမ်းဆီးစေချင်တယ်”ဟု ပြောသည်။
မြိတ်မြို့တွင် မကြာမှီ ရက်ပိုင်းအတွင်း မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် မောင်းနင်း သူများအား လူထု လှုပ်ရှားမှု အသွင်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ ၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးများ၊ ဌာနဆိုင်ရာနှင့် ပြည်သူတို့ ပူးပေါင်း ပါဝင်သော အဖွဲ့ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ အချက်အခြာ ကျသည့် နေရာ (၂၀) တို့တွင် တစ်ပတ်လျှင် ၂ ကြိမ် ပိတ်ဆို့ ဆောင်ရွက်သွားမည် ဖြစ်ပြီး နေ့/ ည မရွေး စစ်ဆေး ဆောင်ရွက် သွားမည်ဟု မြိတ်ခရိုင် အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ကိုကိုထံမှ သိရသည်။
အထက်ပါ စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် မြိတ်မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ကြီးကြပ် ကွပ်ကဲရန် မြို့နယ် အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်းပင်ကော်မတီ၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ မြို့နယ် လမ်းဦးစီးဌာနနှင့် မြို့နယ် တရားသူကြီး၊ ယာဉ်ထိန်းရပ်တပ်ဖွဲ့ စသည့် စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။
မြိတ်မြို့မှာ ၂၀၁၆ ခုနှစ်မှ စ၍ မြို့တွင်း ကွန်ဂရက် လမ်းများနှင့် AC နိုင်လွန် ကတ္တရာ လမ်းများ ကောင်းမွန်လာပြီး၊ လူငယ်များ မော်တော် ဆိုင်ကယ်အား စည်းကမ်းမဲ့ မောင်းနင်း လာသည်ကို ပိုများခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်မှာ မြိတ်ခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်မှ ယာဉ်တိုက်မှုကြောင့် ခရိုင်းအတွင်း အမှုပေါင်း ၂၀၅ မှု၊ ထိခိုက် ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၃၄၃ ဦးနှင့် သေဆုံးသူ ၇၃ ဦး ရှိကြောင်း သိရကာ၊ ယခု ၂၀၁၈ ခုနှစ် ဇန်နာဝါရီလမှ သြဂုတ်လ ၁၀ ရက်နေ့ အထိ စာရင်း အရ ခရိုင်းအတွင်း အမှုပေါင်း ၁၁၃ မှု၊ ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၂၂၃ ဦးနှင့် သေဆုံးသူ ၄၆ ဦး အထိ ရှိလာကြောင်း အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။
၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ ခုတွင် မော်တော် ဆိုင်ကယ်စီးနင်းသည့် အလေ့အထများ ရှိသည့် မြို့များ ဖြစ်၍ သယ်ယူပို့ဆောင်ရေးယာဉ်များ သုံးစွဲနိုင်မှု အရ လူဦးရေ ၆၀ % နှုန်းသည်၊ ဆိုင်ကယ်ကို အသုံးပြုနေသည်။
===========
Credit...
Mizzima - News in Burmese

Thursday, May 4, 2017

ရဲမေနှစ်ဦးစီးလာသော ဆိုင်ကယ်နှင့် ၁ဝ ဘီးယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာမှ ရဲမေနှစ်ဦးသေဆုံး


နေပြည်တော် မေ ၎

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မေ ၄ ရက် ညနေ ၄ နာရီခွဲခန့်က ရေဆင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် အမှတ် (၂၅၄/၇)တွင် ရဲမေနှစ်ဦး စီးလာသော ဆိုင်ကယ်နှင့် ၁ဝ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ရဲမေနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရခရိုင်တရားရုံးထုတ်တာဝန်ပြီးဆုံး၍ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်း မြို့မရဲစခန်းသို့ ပြန်လာသော ရဲတပ်သား မိုးပွင့်ဖြူ မောင်းနှင်ပြီး ၄င်းနောက်မှ ရဲတပ်သားခင်သီရိလှိုင် လိုက်ပါလာသော ၅ဝယ/----- CZI-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်နှင့် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း ကိုညွန့်ဝင်း(၄၆)နှစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေဥက္ကံရပ်ကွက်နေသူ မောင်းနှင်လာသည့် 6B/---- Nissan UD ၁၀ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ရဲတပ်သား မိုးပွင့်ဖြူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ရဲတပ်သား ခင်သီရိလှိုင်မှာ နေပြည်တော် ခုတင် (၁ဝဝဝ)ဆေးရုံသို့ အရောက်တွင် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

(ရွှေဆူး)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

Monday, March 14, 2016

မြန်မာနိုင်ငံ၌ လျှပ်စစ် ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း ၆.၈ သန်းခန့် ကျန်ရှိနေသေး

လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေအိမ်များကို တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁၀ သန်း ၊ လူဦးရေ ၅၁ သန်းရှိသည့် အနက် ယခု ၂၀၁၅-၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃.၇ သန်း လျှပ်စစ် ဓာတ်အားရရှိ သုံးစွဲနိုင်ကြမည် ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား မရ သေးသည့် အိမ်ထောင်စုမှာ ၆.၈ သန်းခန့် ကျန်နေသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

လျှပ်စစ်မီးအား ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် အိမ်ထောင်စု ၂.၂၂ သန်းသာ မီးသုံးနိုင်ခဲ့ပြီး ၅ နှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁.၄၈ သန်း ၊ လူဦးရေ ၇.၄ သန်းကို လျှပ်စစ် ဓာတ်အား ထပ်မံ ပေးနိုင်ပြီး တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးသော နွေရာသီ ဝန်အား သုံးစွဲမှုမှာ ၂၀၁၅ ခုနှစ်တွင် ၂,၄၃၀ မဂ္ဂါဝပ် ခန့်ရှိသည့် အနက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၁,၀၅၀ မဂ္ဂါဝပ်ခန့် သုံးစွဲနေကြောင်း ၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီးသည် ၁,၂၅၀ မဂ္ဂါဝပ်ခန့်အထိ တိုးတက် သုံးစွဲလာကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Sunday, March 13, 2016

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်၌ အောင်ပြည့်စုံခရီးသည်တင်ယာဉ် မီးလောင်


မင်းပြား မတ် ၁၃

မတ် ၁၃ ရက် နံနက် ၁ဝ နာရီခန့်က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ် မိုင်တိုင်အမှတ်(၈၅/၄)နှင့် (၈၅/၅)အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြက်ယက် ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များတင်ဆောင်ကာ ယာဉ် မောင်း ဦးရဲမင်းထွန်း မောင်းနှင်လာသည့် အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်ဖြစ်ကြောင်း မင်းပြားမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ သိရသည်။

အောင်ပြည့်စုံခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၁၅ ဦးလိုက်ပါလာ ကြောင်း၊ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ကားနောက်ခန်း အင်ဂျင်ခန်း ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ရခြင်းဖြစ် ပြီး ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း ယာဉ်နှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအားလုံး မီးလောင်ဆုံးရှုံးသွား ကြောင်း မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သတင်း ရရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

သမ္မတလောင်း အရည်အချင်းတွေနဲ့ ကိုက်ညီသလား၊ စိစစ်ရေးအဖွဲ့ အစီရင်ခံတော့မယ်

အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။
လွှတ်တော် နှစ်ရပ် နဲ့ စစ်တပ် က အသီးသီး ရွေးချယ် ထားတဲ့ သမ္မတ လောင်း ၃ ဦး ဟာ သတ်မှတ် ထားတဲ့ သမ္မတ လောင်း အရည်အချင်း တွေ နဲ့ ကိုက်ညီမှု ရှိမရှိ ကို ဒီကနေ့ မတ်လ ၁၄ ရက် တနင်္လာနေ့ မှာ ကျင်းပ မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း စိစစ်ရေး အဖွဲ့ က အစီအရင်ခံစာ ဖတ်ကြား ဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် နှစ်ရပ် မှာ NLD ပါတီ က အဆိုပြု ခဲ့တဲ့ ဦးထင်ကျော် နဲ့ ဦး ဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် ထားခဲ့ပြီး၊ တပ်မတော်သား ကိုယ်စားလှယ် တွေက တော့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ ကို ရွေးချယ် ထားတာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ နီးစပ်သူ အဖြစ် လူအများ က ရှုမြင် နေကြပြီး သဘောထား တင်းမာသူ တစ်ဦး ဖြစ်တယ် ဆိုတဲ့ ဝေဖန် သုံးသပ် မှု တွေ လည်း ရှိ နေပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေနဲ့ ဦးမြင့်ဆွေဟာ အစိုးရ စီမံကိန်းတွေကို ပွင့်လင်း မြင် သာမှု မရှိဘဲ ချထားပေး ခဲ့တယ် ဆိုတဲ့ ဝေဖန် စွပ်စွဲမှု တွေ သာမက သပိတ်မှောက် ကျောင်းသားတွေ ကို အကြမ်းဖက် နှိမ်နင်းခဲ့မှု အတွက် အဓိက တာဝန် ရှိသူ တစ်ဦး အနေနဲ့လည်း အဝေဖန် ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ ကသာ ဦးမြင့်ဆွေ ကို သမ္မတ လောင်း အဖြစ် အတည် ပြု ပေး ပြီ ဆိုရင် သူဟာ အနည်းဆုံး ဒုသမ္မတ တစ်ယောက် ဖြစ်လာ တော့မှာပါ။

စစ်အာဏာရှင် ဟောင်းတွေ စစ်ဗိုလ်ချုပ် ဟောင်း တွေ မတော်မတရား ရယူထားတဲ့ ဓန အင်အားနဲ့ စီးပွားရေး လုပ်ငန်း တွေ ကို အကာအကွယ် ပေးဖို့ သက်သက် ဦးမြင့်ဆွေ ဆောင်ရွက် လာမယ် ဆိုရင် တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆက်လက် ထိခိုက် နေဦး မှာပဲ လို့ နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင်မြင့် က သုံးသပ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ အတိုင်း သမ္မတ အပေါ်သာ တာဝန် ခံရမယ့် ဒုသမ္မတ တစ်ဦး အနေနဲ့ သမ္မတ ရဲ့ မူဝါဒ နဲ့ လမ်းညွှန် ချက် တွေ ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အများကြီးပြေပြစ် လာနိုင်တယ် လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ က သမ္မတ လောင်း ၃ ဦး ကို အတည်ပြု ပေး ခဲ့ရင် အခု သီတင်း ပတ်ထဲမှာပဲ ပြည်ထောင်စု လွှက်တော် တွင်း မဲ ခွဲ ကြပြီး ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူ နဲ့ ဦးမြင့်ဆွေ တို့ဟာ သမ္မတ နဲ ဒု သမ္မတ တွေ အသီးသီး အဖြစ် တာဝန်ယူ သွားကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဦးမြင့်ဆွေ ၅၉ (စ) နဲ့ ငြိမငြိ

ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးမြင့်ဆွေ
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ် ထားတဲ့အပေါ် ဝေဖန်ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ သူ့မိသားစုဝင်တချို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။ လက်ရှိမှာ ရွေးချယ်ထားပြီးသား ဒုတိယသမ္မတသုံးဦးကို သမ္မတ အရည်အချင်း စိစစ်ရေး ကော်မတီက စိစစ်နေပြီး ဒီကနေ့ တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီအခြေအနေကို သိလာရဖွယ်ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုင်းမှူးနဲ့ တပ်မတော် လုံခြုံရေးရာကောင်စီဥက္ကဋ္ဌ တာဝန်တွေအပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ရဲ့ အဆင့်မြင့်တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ သံဃာ တော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းတာမှာလည်း အဓိက တာဝန်ရှိသူတဦးအဖြစ် သတ်မှတ်ခံထားရ သူပါ။ ဒီအတောအတွင်းမှာပဲ ဦးမြင့်ဆွေရဲ့ မိသားစုဝင်တချို့ဟာ ပြည်ပနိုင်ငံသားတွေအဖြစ် ခံယူထားတယ်လို့ သတင်းတွေ ထွက်ဖူးတာကြောင့် အခုချိန်မှာရော မြန်မာနိုင်ငံသား ပြန်ဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။

ဒုတိယသမ္မတသုံးဦးကို စိစစ်နေတာနဲ့ပတ်သက်ပြီး စိစစ်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဗမျိုးသိန်းက အသေးစိတ်မပြောပေမဲ့ ပြည်သူ တွေအတွက် အကောင်းဆုံး စစ်ဆေးနေတာကြောင့် အဖြေမှန်ထွက်လာမယ်လို့ ပြောပါတယ်။ တကယ်လို့ မိသားစုဝင်တွေထဲမှာ မြန်မာနိုင်ငံသားမဟုတ်သူတဦးဦး ရှိနေတယ်ဆိုတာကို စိစစ်တွေ့ရှိရင် ပြန်ပြီး ရွေးချယ်ရမယ့် လုပ်ငန်းစဉ်ပိုင်းကိုတော့ ဦးဗမျိုးသိန်းက အခုလိုရှင်းပြပါတယ်။

“အခု လူကြီးတွေလည်းအကုန်လုံး လက်တံခြေတံရှည်ကြပါတယ်။ သူတို့ကိုလည်း ၀ိုင်းပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ အဲလောက်တော့ရှိတယ်။ လူကြီးတွေလည်း သိတယ်။ အများကြီးတော့ အချက်အလက်တွေလည်း ပံ့ပိုးပေးပါတယ်။ လုပ်ထုံးလုပ်နည်းလည်းရှိပြီးသားပေါ့။ သဘောကတော့ မကိုက်ညီဘူးဆိုရင် မနက်ဖြန်ကြေညာတဲ့အထဲမှာပါမယ်။ တကယ်လို့ လုပ်ဖို့လိုရင် လွှတ်တော်ကို ပြန်ချပေးရတာပေါ့။ ပြီးတော့ လမ်းကြောင်းအဆင့်ဆင့်ကို ပြန်သွား ၊ ကျမ်းကြိန် အဲလိုပဲ ပြန်လုပ်ရမှာပေါ့လေ။”

တခါ ဦးမြင့်ဆွေဟာ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ လက်ရှိစာရင်းထဲမှာ ပါနေဆဲဖြစ်ပါတယ်။ ရန်ကုန် မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာမှာ တာဝန်ရှိသူတဦးအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ် ပြီးတော့ ဒဏ်ခတ် အရေးယူတဲ့စာရင်းထဲ ထည့်ထားတာပါ။

ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်ကတော့ သူ့ကို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ဆိုရင် စာရင်းထဲ ထည့်ထား ရတဲ့အကြောင်းရင်းဖြစ်တဲ့ သူလုပ်ခဲ့ဖူးတာမျိုး ဆက်ပြီး မလုပ်တော့ဘူးဆိုတာ အခိုင်အမာ သက်သေပြဖို့လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ကြာသပတေးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောထားပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်ပြီး သဘောထား တင်းမာသူ၊ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးချသူအဖြစ် ဝေဖန်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို ရှိထားပါတယ်။ အခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အရင်ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနားယူသွားချိန်တုန်းကလည်း ဦးမြင့်ဆွေကို အစားထိုးရွေးချယ်မယ့်သတင်း ထွက်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတည်းက သူ့ရဲ့မိသားစုဝင်တွေထဲမှာ ပြည်ပနိုင်ငံသားဖြစ်နေသူတွေ ရှိတယ်ဆိုပြီးတော့ ဒုတိယသမ္မတမဖြစ်ခဲ့ ဘဲ သူ့အစား အခုလက်ရှိ ဒုတိယသမ္မတဖြစ်နေတဲ့ ဦးဥာဏ်ထွန်းကို တပ်ဘက်က ရွေးချယ်ခဲ့တာပါ။ အခုတကြိမ်မှာလည်း ဒီ နိုင်ငံ သားဖြစ်မှုကိစ္စ မေးခွန်းတွေ ပြန်ထွက်လာနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုနိုင်ဖို့ ဦးမြင့်ဆွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းလက်ခံဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

သူ့ရဲ့မိသားစုဝင်တချို့ဟာ အခုချိန်ထိ ပြည်ပနိုင်ငံသား ဆက်ဖြစ်နေသေးသလားဆိုတာကို သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ အနေနဲ့ အလွယ်တကူမေးမြန်းနိုင်ပြီး အဲဒီကနေတဆင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအနေအထားတွေကိုတော့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးတင်မောင်သန်းက အခုလိုသုံးသပ်ပြပါတယ်။

“စိစစ်ရေးကော်မတီက သြစတေးလျနိုင်ငံသံရုံးကို မေးခဲ့တယ်ဆိုရင် ဒီစစ်တာက သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း မှန်တယ်ဆိုရင်တော့ ဦးမြင့်ဆွေ ရဲ့ အမည်စာရင်းတင်သွင်းမှုက ဒုတိယအကြိမ် ပြန်လည်ရုတ်သိမ်းသွားရလိမ့်မယ်။ ဆိုတော့ အဲလို ရုတ်သိမ်းသွားလို့ရှိရင်လည်းတပ်မတော်က သူတို့ သည် ၅၉(စ)ကို လေးလေးနက်နက်အခိုင်အမာ ကိုင်စွဲထားတာဖြစ်ပါတယ် ဆိုတာကို ပြသသွားတာလည်း ဖြစ်သွားနိုင်တယ်။ ဆိုတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ ဦးမြင့်ဆွေ ဒုသမ္မတအနေနဲ့ အပယ်မခံရဘူး ဖြစ်သွားတယ်ဆိုရင်လည်း ၅၉(စ) နဲ့ ပတ်သက်ပြီး ပြပြီးသားဖြစ်တယ်။ ဒါကတော့ နိုင်ငံရေးအရ တပြည်လုံးကို သတင်းပေးလိုက်တယ်လို့ သုံးသပ်လို့ရမယ်လို့ ထင်တယ်။”

ဒီကနေ့လုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ဒီကိစ္စ အဖြေ ထွက်လာဖွယ် ရှိနေပါတယ်။ တကယ်လို့သာ အခုရွေးထားတဲ့ ဒုတိယသမ္မတသုံးဦးထဲမှာ တဦးဦးဟာ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်းတွေထဲက တချက်ချက်နဲ့ ငြိစွန်း နေတယ်ဆိုရင်တော့ အဲဒီသက်ဆိုင်ရာအစုအဖွဲ့က ဒုတိယသမ္မတကို ပြန်ပြီး ရွေးချယ်ရမှာပါ။ သုံးဦးစလုံးဟာ သတ်မှတ်အရည် အချင်းတွေနဲ့ အပြည့်အ၀ကိုက်ညီတယ်ဆိုရင်တော့ မတ်လ ၁၅ ရက်၊ အင်္ဂါနေ့ ကျရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ကြမှာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဘန်ကောက်မြို့  ဗဟိုဘဏ်မီးလောင် အလုပ်သမား (၁၀)ဦးသေဆုံး


မနေ့မတ်လ ၁၃ရက်နေ့ည ၉နာရီခွဲတွင် ဘန်ကောက်မြို့ ရတ်ချဒါလမ်းမှာရှိတဲ့ ထိုင်ဖာနစ်ဆိုတဲ့(Siam Commercial Bank(SCB) ၄၃ထပ်ရှိ ဗဟိုဘဏ်ကို မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၁၀ဦးသေဆုံးပြီး
၇ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။


၎င်းတိုက်ခန်းအတွင်းကို ၀င်ရောက် ကယ်ဆယ်ရာမှာ လက်ဗွေ Scan စနစ်ဖြင့် ၀င်ရသည့်အတွက် အခက်အခဲရှိခဲ့လို့ တံခါး နံရံဖျက်ဆီးခြင်းဖြင့် ၀င်ရောက် ကူညီကယ်ဆယ် ခဲ့ပါတယ်။

ညပိုင်းဖြစ်ပွားတာမို့ ဘဏ်ဝန်ထမ်းတွေ ပြန်ုကြပါပြီ မီးလောင်ခဲ့သော လူတွေဟာ ညဆိုင်းမှ ပြုပြင်ရေးအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။


အစောပိုင်းက ကောလာဟလ သတင်းဖြစ်သော ဗုံးပေါက်ကွဲမှုဆိုတာ မဟုတ်မမှန်ကြောင်း မီးထိန်းစံနစ်ချို့ယွင်းမှုကနေ စလောင်ကျွမ်းကြောင်း တာဝန်ရှိကပြောသွားပါတယ်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူတွေ အားလုံး SCB ဘဏ်မှ တာဝန်ယူကူညီပေး သွားမယ် လို့သိရပါတယ်။

MTF -KHOSOD
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

မိုင်းခတ်မြို့နုယ်၌ ထမင်းအိုးတည်ရာမှတစ်ဆင့် နေအိမ် ၄၈ လုံးမီးလောင်


မိုင်းခတ် မတ် ၁၃

ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် နောင်ဒွန်းကျေးရွာ အုပ်စု အင်လုံကျေးရွာ၌ မတ် ၁၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အိမ်ရှင် ဦးအိုက်ယိုး၏ သက်ငယ်မိုး၊ ဝါးကာ၊ ပျဉ် ခင်းနေအိမ်၌ ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ နေအိမ် ၄၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် သွားလာနိုင်ခြင်းမရှိသဖြင့် သန္ဓေမီးသတ် ငါးဦး၊ အရန် မီးသတ် ၁၅ ဦး၊ အပေါ့စားမီးသတ်စက်တစ်လုံးဖြင့် ငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သက်ငယ်မိုး၊ ပျဉ်ခင်း၊ နေအိမ် ၄၈ လုံး၊ သုံးဘီးဆိုင်ကယ် သုံးစီး၊ ဟာလာစက် ခုနစ်လုံး၊ လက်တွန်းထွန်စက် ၁၂ စီး၊ ဆိုင်ကယ် ၂၅ စီး၊ စပါးတင်း ၁၅ဝဝနှင့် ဝက်ငါးကောင် မီးလောင်ဆုံးရှုံး သွားကြောင်း အိမ်ထောင်စု ၄၈ စု၊မီးဘေးသင့်ပြည်သူ စုစုပေါင်း ၂၅၈ ဦးတို့အား အဆိုပါကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ နေရာချထားပေးထားကြောင်းနှင့် ဦးအိုက်ယိုးအား မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းက အရေး ယူထားကြောင်းသိရှိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ဓာတ်ပုံ-MFSD
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ထော်လာဂျီနှင့် မှန်လုံယာဉ် မျက်နှာချင်းဆိုင်တိုက် နှစ်ဦးသေ


ပုသိမ် မတ် ၁၃

ပုသိမ်-ရန်ကုန်လမ်းမကြီး မိုင် တိုင်အမှတ် (၂၁/၇) နှင့် (၂၂/ ၁) ကြား မဲဇလီအောက်စုကျေးရွာအနီး ၌ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်မောင်း သူရမြင့် (၄ဝနှစ်)၊ ပုသိမ်မြို့ အမှတ်(၉)နယ် မြေ သင်္ဘောကျဉ်းနေသူ မောင်းနှင် လာသော ခရီးသည် ၅ဝ ခန့်တင် ဆောင်လာသည့် ပုသိမ်-ရန်ကုန် ခရီးသည်ယာဉ် နေလဝင်းမှန်လုံယာဉ် နှင့် ယာဉ်မောင်း မျိုးကိုဦး(၂၉နှစ်) အောက်စုကျေးရွာ မဲဇလီကျေးရွာ အုပ်စုနေ မောင်းနှင်လာသည့် ထော်လာဂျီယာဉ်ပေါ်၌ ကုက္ကိုသား ခြောက်ထင်းများ သယ်ဆောင်ပြီး မဇင်သူစိုး (၃၅နှစ်) စန်သယော် ကျေးရွာ ထန်းတပင်မြို့နေသူ ပြည့် ဖြိုးအောင်(၂၂ နှစ်) ဆားမလောက် ကျေးရွာ ညောင်တုန်းမြို့နေသူတို့ ခရီးကြုံလိုက်ပါလာသော ထော်လာ ဂျီ ယာဉ်တစ်စီးသည် လမ်းမကြီး အလယ် အရှိန်ပြင်းစွာ မောင်းနှင် လာရာမှ မျက်နှာချင်းဆိုင်တိုက်မိ ကာ ထော်လာဂျီယာဉ်တိမ်းမှောက် ပြီး ယာဉ်မောင်း မျိုးကိုဦးတွင် ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားပြီး မဇင်သူ စိုးနှင့် ပြည့်ဖြိုးအောင်တို့နှစ်ဦးမှာ ထော် လာဂျီယာဉ်နှင့် ကုက္ကိုသား ခြောက်များပိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

ပုသိမ်-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်၌ လိုက်ပါလာသော ဦးသန်းအောင်(၄၂ နှစ်) ပန်းတနော် မြို့နေသူမှာ ဒဏ်ရာအနည်းငယ် ရရှိ သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မဲဇလီနယ်မြေရဲစခန်းမှ ယာဉ်မောင်း မျိုးကိုဦးနှင့် သူရမြင့်တို့နှစ်ဦးကို အရေးယူထားကြောင်း သိရသည်။
''ဖြစ်လာပြန်တော့လည်း သနား စရာ၊ ကရုဏာသက်စရာပါ။ ထော် လာဂျီတွေဟာ လယ်ယာကဏ္ဍမှာ သာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါပေ မယ့် အမြန်လမ်းမကြီးတွေပေါ်မှာ ကုန်တင်ယာဉ်ပြုလုပ်နေကြတယ်။ အမြန်ယာဉ်ကြီးတွေနဲ့အတူ ယှဉ်ပြိုင် မောင်းနှင်ကြတယ်။ စပယ်ယာမပါ၊ ဘက်မှန်မရှိ၊ ယာဉ်စည်းကမ်း နား မလည်ကြတော့ ယာဉ်တိုက်မှု၊ ထော် လာဂျီယာဉ်တိုက်မှုတွေ များပြားလာ တယ်''ဟု ဧရာဝတီတိုင်းဒေသကြီး ယာဉ်ထိန်းတာဝန်ခံရဲမှူး စောဝင်းက ပြောသည်။

 ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Saturday, March 12, 2016

ထိုင်းနိုင်ငံ၊ ဘန်ထန့်ပူးပေါင်း စစ်ဆေရေးဂိတ်၌ မြန်မာတစ်ဦးသေဆုံး၊ သုံးဦးအရှင်ဖမ်းမိ စိတ်ကြွရူးသွပ်ဆေးပြား၊ လက်နက်ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ


တာချီလိတ် မတ် ၁၁

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိတ်ြွကရူးသွပ်ဆေးပြားများသယ်ဆောင်လာသော မြန်မာ လေးဦးထံမှ စိတ်ြွကရူးသွပ်ဆေးပြား နှစ်သိန်း၊ 9မမပစ္စတို တစ်လက်၊ 9မမကျည် ရှစ်တောင့်၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့သိမ်းဆည်းရမိပြီး တစ်ဦး အသေ၊ သုံးဦးအရှင်ဖမ်းဆီးခဲ့ ကြောင်း မယ်ဆိုင်အွန်းလိုင်း သတင်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီအချိန်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန် ကျ အမှတ်(၂)လှုပ်ရှားယန္တာရားတပ်မှ
တာဝန်ကျ တပ်ဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့နယ်၊ အမှတ်(191)ရဲတပ်ဖွဲ့ဝင် များသည် မယ်ဆိုင်မြို့နယ်ဘက်မှ ချင်းရိုင်းမြို့နယ်ဘက်သို့ ထွက်ခွာ လာသောယာဉ်များအား စစ်ဆေးခဲ့ရာ ညနေ ၆ နာရီချိန်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဆိုင်ကယ် တစ်စီးဖြင့် အာခါလူမျိုးနှစ်ဦးနှင့် ကျောပိုးအိတ်ဖြင့် လမ်းလျှောက်လာသည့် အာခါလူမျိုးနှစ်ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား လေးဦးတို့အားတွေ့ရှိရ၍ ခေါ်ယူ စစ်ဆေးခဲ့ရာ သုံးဦးသာ စစ်ဆေးခံခဲ့ပြီး ကျန်တစ်ဦးမှာလမ်း၏ ယာ ဘက်ရှိ လိုင်းချီးစိုက်ပျိုးခြံ ဘက်သို့ ထွက်ပြေးသွားခဲ့သည်။


အဆိုပါ ထွက်ပြေးသွားသူအား အမှတ်(၂) လှုပ်ရှားယန္တာရားတပ်မှ လိုက်၍ ဖမ်းဆီးခဲ့ရာ ထွက်ပြေးသွားသည့် တရားခံမှ အသင့်ယူဆောင်လာ သော 9မမပစ္စတိုဖြင့် သုံးချက် ခုခံပစ်ခတ်သဖြင့် အမှတ်(၂)လှုပ်ရှားယန္တာရား တပ်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၄င်းတို့အား ဆက်လက်စစ်ဆေးရာ အသေဖမ်းဆီးရမိသူမှာ မောင်အားဆီး(၃၅ နှစ်)နှင့် မောင်အားစီ (၄၈ နှစ်)၊ မောင်အာဆာ(၄၃ နှစ်)၊ မောင်ဖိုင်းလို့ (၃၀ နှစ်) မိုင်းကိုးကျေးရွာ၊ တာချီလိတ်မြို့နယ်နေထိုင် သူတို့ဖြစ်ကြပြီး ၄င်းတို့နှင့်အတူ WY စာတမ်းပါ စိတ်ြွကရူးသွပ်ဆေးပြာ ၂၀ဝ၀ဝ၀ပြား၊ 9မမပစ္စတို တစ်လက်၊ ၄င်းကျည် ရှစ်တောင့်၊ လက်ကိုင် ဖုန်း နှစ်လုံး၊ ထိုင်း-၉၈ Honda Wave အပြာရောင်ဆိုင်ကယ် တစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၄င်တို့မှ တစ်ဦးလျှင် အခကြေးငွေ ထိုင်းနိုင်ငံ သုံးဘတ်ငွေ ၁၀ဝ၀ဖြင့် သယ်လာပြီး လာယူမည့်သူလက်အတွင်း မရောက်ခင် ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Credit Saw Maung
Social Action for Women - SAW

အမျိုးသမီးလေးများအား လိမ်လည်၍ အဓမ္မကျင့်သူပွဲစားကိုဖမ်းဆီး


ပတ်စ်ပို့လုပ်ပေးမည်ဟု လိမ်လည်၍ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်လေ့ရှိသော ကိုလေး(ခ)သက်ပိုင်ဦး ကို ယနေ့တွင် MWRN နှင့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဖမ်းဆီးလိုက်ပါသည်။

 လွန်ခဲ့သောအပတ်က ပတ်စ်ပို့လုပ်ပေးမည်ဟု ဆိုကာ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားပြီး တည်းခိုခန်း တစ်ခုတွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

 အမျိုးသမီးငယ်မှာ မည်သည့်နေရာသို့ရောက်နေမှန်းမသိ၍ ၎င်းပွဲစားကို ပရိယာယ်ဖြင့် မဟာချိုင်သို့ ပြန်ရောက်အောင် ခေါ်ဆောင်လာခဲ့သည်။

 သူမ၏ မိသားစုများက MWRN နှင့် HRDF သို့လာရောက် တိုင်ကြားရာမှ ရဲတပ်ဖွဲ့နှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအတိုင်း အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။


ကျူးလွန်သူ ကိုလေး(ခ)သက်ပိုင်ဦး မှာ ဘီးလင်းမြို့မှဖြစ်ပြီး ၎င်းတွင်အိမ်ထောင်ရှိ၍ ၎င်း၏ဇနီးမှာ နွန်ထဘူရီခရိုင်တွင် အလုပ်လုပ်နေကြောင်း သိရသည်။

 ကိုလေး(ခ)သက်ပိုင်ဦးသည် ပွဲစားအလုပ်လုပ်ရင်း ယခုကဲ့သို့ အမျိုးသမီးငယ် လေးများကို ဖျားယောင်းခေါ်ဆောင်ပြီး အဓမ္မမှုများ ကျူးလွန်လေ့ရှိကြောင်း ကနဦးသတင်းများအရသိရသည်။

 ၎င်းကျူးလွန်မှုကို ခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦးမှာ စိုင်ဆီ နခေါ်ပထုမ်တွင်တစ်ဦး၊ နွန်ထဘူရီတွင် တစ်ဦးရှိကြောင်း သိရသည်။

 ထို့ကြောင့် ကိုလေး(ခ)သက်ပိုင်ဦး ၏ အဓမ္မကျူးလွန်ခြင်းခံခဲ့ရသော အမျိုးသမီးများအနေဖြင့် ထပ်မံ၍ တရားဥပဒေအတိုင်း အရေးယူနိုင်ရန် သတင်းပါး အပ်ပါသည်။ ပူးပေါင်းအရေးယူလိုပါက MWRN သို့ဆက်သွယ်နိုင်ပါသည်။

MWRN

သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးမှု ဘားအံမြို့နယ်တွင်ဖြစ်ပွား


ဘားအံ မတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်အမှတ်(၉)ရပ်ကွက်ရှိ ကွင်းကျောင်း ဘုန်းတော်ကြီးကျောင်းတိုက်တွင် ၁၁-၃-၂၀၁၆ရက်နေ့ က ဦးဇင်းတစ် ပါး မိမိကိုယ်ကိုယ်ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မတ်လ ၁၁ရက်နေ့ က စခန်းမှူးရဲအုပ်မြ၀င်းသည် ထုံးအိုင်နယ်မြေ ရဲစခန်းတွင် စခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် နံနက်(၇)နာရီ(၁၅)မိနစ်အချိန် ခန့် တွင် အမှတ်(၆)ရပ်ကွက်၊ ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်နေထိုင်သူ ဦးဝင်းနိုင်မှ ရဲစခန်းသို့ လာရောက်ကာ အမှတ်(၉)ရပ်ကွက်ကွင်းကျောင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဥပုပ်သည်များ နားနေဆောင်အနီး အသုံးမပြုသည့် ရေတွင်းထဲသို့ ကွင်းကျောင်းမှဦးဇင်းတစ်ပါးမှာဆွဲကြိုးချ သေဆုံးနေကြောင်း လာရောက် သတင်းပို့ အကြောင်းကြားခဲ့ရာ စခန်းမှူးရဲအုပ်မြ၀င်းနှင့်အဖွဲ့မှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။


အခင်းဖြစ်နေရာ အရောက်တွင် ဆရာတော်၏ ရုပ်ကလပ်အား ရေတွင်းအတွင်းမှ ကျေးရွာသားများ၏အကူအညီဖြင့် ဆယ်ယူခဲ့ကြောင်းသိရသည်။

 စစ်ဆေးတွေ့ရှိချက်များအရ ဆွဲကြိုးချသေဆုံးသည့် ဆရာတော်မှာ သက်တော်(၅၆)နှစ်၊ ၀ါတော်(၁)၀ါခန့်ရှိပြီးဘွဲတော်မှာ ဦးအိနြ္ဒိယ ဖြစ်ကြောင်း၊ ဆရာတော်မှာ စိတ်ရောဂါရှိသူဖြစ်ပြီး လည်ပင်းတွင် အရှည်(၁၅)
ပေခန့် ရှိ အဖြူရောင်နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေခြင်း ဖြစ်ကာ လည်းပင်းတွင်(၅စင်တီမီတာခန့် )အနက်ကြိုးဝင်ဒဏ်ရာမှအပ ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာမတွေ့ ရှိရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆရာတော်၏ ရုပ်ကလပ်အား ရဲဆေးစာဖြင့် ထုံးအိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီးစစ်ဆေးခဲ့ရာ နံနက်(၆)နာရီ(၃၀)မိနစ်အချိန်ခန့်တွင် ကွင်းကျောင်းတိုက်မှသံဃာတော်များ အာရုံဆွမ်းခံကြွပြန်လာသည့်အချိန် သေဆုံးသည့် ဆရာတော်မှာ ပါလာခြင်း မရှိသဖြင့်အဆိုပါကျောင်းတိုက် သီတင်သုံးနေသည့် ဆရာတော်ဦးအိန္ဒ၊ သက်တော်(၅၇)နှစ်၊ ၀ါတော်(၇)၀ါနှင့် သံဃာတော်များမှ ကျောင်းဝင်းအတွင်း လိုက်လံရှာဖွေရာမှ ရေတွင်းအတွင်း ကြိုးဆွဲချပျံလွန်တော်မူနေသည်ကိုတွေ့ရှိရကြောင်း စစ်ဆေးသိရှိရသည်။

ထုံးအိုင်နယ်မြေရဲစခန်းမှူးး ရဲအုပ်မြ၀င်းမှ ဆရာတော်ကြိုးဆွဲချသေဆုံးမှု အပေါ် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ထုံးအိုင်နယ်မြေ ရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၆)ဖြင့် ရေးဖွင့်ကာ ဆက်လက်
စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။

ဘားအံသတင်း (fb)

မြိတ်ကျောင်းသူ တံတားပေါ်မှ ခုန်ချ သေဆုံးမှု လူအများ စိတ်ဝင်စား


Myeik Universityတွင် Marine Science တတိယနှစ်တက်နေသူ"မအေးမြတ်သူ"ကျွဲကူးတံတားပေါ်မှ ခုန်ချသွားသည့် သတင်း မျက်မြင်သက်သေ မရှိပေမယ့် လူအများ စိတ်ဝင်စားလျှက်ရှိရာ ဒီနေ့ မတ်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲခန့်က ကျောက်ဖျာမြစ်အထက်ပိုင်းရှိ တောင်းရှင်းရှည်ကျေးရွာအုပ်စု တောင်းညိုကျေးရွာမြစ်ကမ်းစပ်တွင်
ရေမြုပ်သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တံတားပေါ်မှ ခုန်ချသည့် အကြောင်းအရင်းကို ရဲတပ်ဖွဲဝင်များ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

photo credit -မူရင်းတင်သူ
Myat Htut - Myeik (fb)

အရှိန်မထိန်းနိုင်သောဆိုင်ကယ် မော်တော်ယာဉ်အားတိုက်မိ ဆိုင်ကယ်စီးသူနှင့် နောက်မှလိုက်သူသေဆုံး


ကရင်ပြည်နယ် ဘားအံမြို့ နယ် တကောင်းဘိုး ကျေးရွာအုပ်စု ဝဲပျံချောင်းဝ ကျေးရွာအနီး ကမ မောင်း-ဝါးဘိုးတောလမ်း၊ မိုင် တိုင်အမှတ်(၂၆/၁)နှင့်(၂၆/၂)ကြား တွင် ယခုလ ၉ ရက်က ဆိုင်ကယ် တစ်စီးအရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောတွင် မောင်းနှင်လာသော ကားနှင့် ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှင့် နောက်တွင် လိုက်ပါလာသူတို့ ဒဏ်ရာအပြင်း အထန်ရရှိကာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်။

ဘားအံမြို့နယ် ဝါးဘိုးတော-ကမမောင်း-ဖာပွန်လမ်းပေါ်ရှိ တ ကောင်းဘိုးကျေးရွာအုပ်စု ဝဲပျံ ချောင်းဝကျေးရွာအနီး ကမမောင်း -ဝါးဘိုးတောလမ်းပိုင်းတွင် ဝါး ဘိုးတောဘက်မှ အောင်းမင်းဖြိုး (၁၉နှစ်)၊ လှိုင်းဘွဲမြို့နယ် ကော့လုံ ကျေးရွာနေသူက မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် မသန်းသန်း မြင့် (၂ဝနှစ်) ဖာပွန်မြို့နယ် ကွင်း ဒလ ကျေးရွာနေသူ လိုက်ပါ လာသည့် Wave-100 ၂၇ယ/-----ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် (၂၆/၁)နှင့်(၂၆/၂)ကြားအရောက် တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ တစ်ဖက်ယာဉ်ကြောမှ လမ်းမှန် အတိုင်း ယာဉ်မောင်း ဦးတင့်လွင်ဦး (၄ဝနှစ်) (ဘ)ဦးမောင်အေး ဖာပွန် မြို့ (၃) ရပ်ကွက်နေသူ မောင်း နှင်လာသည့်2H/---- ကန်တာ အဖြူရောင်ယာဉ်၏ ရှေ့ယာဘက် အခြမ်းအား ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာ သူ မသန်းသန်းမြင့်သည် နေရာ တွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ် မောင်းသူ အောင်မင်းဖြိုးမှာ ဘားအံ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေ ဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင် ကယ်အား မဆင်မခြင်မောင်းနှင်ပြီး လမ်းမှန်မောင်းနှင်လာသော ကား အား ဝင်ရောက်တိုက်မိသဖြင့် ဘားအံမြို့မ ရဲစခန်းက ယာဉ်(ပ) သတင်းချက်အမှတ် ၃၅/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်လွင်(ဘားအံ)
The Union Daily
http://uniondaily.net

ကျောက်ဖြူနယ်တွင် မီးလောင် လူတစ်ဦးဒဏ်ရာရ၊ နေအိမ်သုံးလုံးမီးထဲပါ


နိရဉ္စရာ၊ မတ်လ ၁၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအုပ်စု၊ စည်မော်ကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ နေ့လယ် တစ်နာရီခန့်က မီးလောင်မှု ဖြစ်ပွားရာ လူတစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံး မီးလာင်ကျွမ်းသွားသည် သတင်းရရှိသည်။

“ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကို ဖွင့်တဲ့အတွက် မီးဟပ်ပြီး အနီးရှိ ၀ါးထရံကတစ်ဆင့်ကူးစက်ပြီး လောင်ကျွမ်း သွားတယ်လို့ သိရပါတယ်။ နေအိမ်သုံးလုံး လောင်ကျွမ်းသွားပါတယ်။ လူတစ်ဦး မီးလောင် ဒဏ်ရာ ရှိသွားပါတယ်” ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မီးလောင်သည့်အကြောင်းမှာ ဦးဘစိန်(၃၇) နှစ်မှ ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်ရာမှ မီးဟပ်ပြီး အနီးရှိ ၀ါးထရံကို မီးကူးစက်သောကြောင့် မီးလောင်းကျွမ်းခြင်းဖြစ်ကြောင်း သူက ဆိုသည်။


မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊ ဓနိမိုး၊ ၀ါးထရံကာ ပျဉ်ခင်းလူနေအိမ် ၁ လုံးနှင့် အလျား ၁၂ ပေ အနံ ၁၀ ပေ၊ ဓနိမိုး၊ ၀ါးထရံကာ၊ ၀ါးခင်း လူနေအိမ် ၂ လုံး စုစုပေါင်း လူနေအိမ် ၃လုံး မီးလောင်ကျွမ်း သွားကြောင်းသိရသည်။

ဆေးလိပ်သောက်ပြီး ဓာတ်ဆီဗူးကိုဖွင့်ဖောက်သူ ဦးဘစိန် ရဲ့နောက်ကြောတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်ဖြူမြို့ဆေးရုံ တွင် ဆေးကုသနေရကြောင်း သိရသည်။

ကျေးရွာသူကျေးရွာသားများ ၀ိုင်းဝန်းပြီး မီးငြိမ်းသတ်ကြရာ နေ့လယ် ၂ နာရီခန့်တွင် မီးညွန့်ကျိုးသွားကြောင်း မျက်မြင် ရွာသားများ ကပြောသည်။

မီးလောင်မှုကြောင့် ကျား ၉ ဦး မ ၅ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State

Thursday, March 10, 2016

NLD ဒု-သမ္မတလောင်းရွေးပုံ ကန်ပညာရှင်တွေ ကြိုဆို

    အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
မြန်မာနိုင်ငံရဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ မတ်လ ၁၀ ရက်နေ့က ဒုသမ္မတ အမည်တွေ တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး - မှန်ကန်တဲ့ ရွေးချယ်မှုတွေအဖြစ် အမေရိကန် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူတွေက ကြိုဆိုလိုက်ကြပါတယ်။ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တိုင်းရင်းသားတွေကို နေရာပေး ခန့်အပ် လာတာဟာလည်း ထူးခြားမှုတခု အဖြစ် သူတို့က ပြောဆိုခဲ့ကြတာပါ။ စိန်ခေါ်မှုတွေလည်း ရှိနေဆဲဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် သတိထား ကြိုဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပါမယ်။

သမိုင်းဝင်အပြောင်းအလဲလို့ ခေါ်ဆိုနိုင်တဲ့ - မတ်လ ၁၀ ရက်နေ့က NLD ကနေ ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော်ကို ဒုသမ္မတအမည် တင်သွင်းခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသားဖြစ်တဲ့ ဟင်နရီ ဗန်ထီးယူ ကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး အကဲဆတ်လွန်းတဲ့ ကာလမှာ သတိထားဆောင်ရွက်နေရ တဲ့ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ဆိုခဲ့သူကတော့ - Carnegie Center က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru ဖြစ်ပါတယ်။

“သေချာပေါက် အလုပ်ဖြစ်မှာပါ။ အထူးသဖြင့် ပြည်သူ့လွှတ်တော် အတွက် ရွေးချယ်ထားတဲ့ ဦးထင်ကျော်ဟာဆိုရင် အင်မတန်မှာ ဖြောင့်မတ်သူအဖြစ် ဂုဏ်သိက္ခာကြီးမားသူ၊ ဒေါ်အောင်ဆန်းစုကြည် က ယုံကြည် အားကိုးတဲ့သူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူဟာ အင်မတန်မှ ချဉ်းကပ်ရ လွယ်ကူတဲ့သူ၊ လူတွေသဘောကျတဲ့သူ ဖြစ်တာကြောင့် လွှတ်တော်နဲ့ မြန်မာလူထု ရဲ့ ချစ်ခင်လေးစားမှုနဲ့ အုပ်ချုပ်နိုင်မယ့်လူစားမျိုးပါ။ ဒါကြောင့်လည်း အင်မတန်ကောင်းတဲ့ ရွေးချယ်မှုလို့ ယူဆပါတယ်။ အမျိုးသားလွှတ်တော် အတွက် ရွေးချယ်ခဲ့သူဟာ ချင်းတိုင်းရင်းသား တဦး ဖြစ်နေတာ ဟာလည်း အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေကို လက်ကမ်းဖို့ ကြိုးစားနေတယ် ဆိုတာဟာလည်း ရှင်းပါတယ်။”

ဒါ့အပြင် သမ္မတအထက်မှာ နေမယ်လို့ ပြောထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD ပါတီ အစိုးရကို စီမံခန့်ခွဲနိုင်မယ်၊ နိုင်ငံရေး၊ စီးပွားရေး အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်နိုင်မယ်၊ မတူကွဲပြားတဲ့ အုပ်စုတွေကို စုစည်းနိုင်မယ် ဆိုရင်တော့ အောင်မြင်တဲ့ အစိုးရတရပ် ဖြစ်လာနိုင်တယ် လို့လည်း Vikram Nehru က ပြောဆိုခဲ့ပါတယ်။

အလားတူ George Washington တက္ကသိုလ်ပါမောက္ခ ခရစ်တီးနား ဖလင့်ခ် ကလည်း - သင့်တော်တဲ့ရွေးချယ်မှုလို့ ယူဆသူပါ။ ပြည်သူ့လွှတ်တော် အတွက် ရွေးချယ်ခဲ့တဲ့ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်အတော်ကြာကတည်းက လက်တွဲလုပ်ဆောင်လာသူဖြစ်ပြီး၊ ယုံကြည်စိတ်ချရဆုံး လူပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက် နိုင်ဖို့လို သူတို့နှစ်ယောက်စလုံးအတွက် စိန်ခေါ်ချက်တွေကတော့ ရှိနေမှာဖြစ်တယ်လို့လည်း ပါမောက္ခ ခရစ်တီးနား ဖလင့်ခ်က သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသား ဟင်နရီ ဗန်ထီးယူ ကို ရွေးချယ်မှုလို အရေးပါတဲ့ ရာထူးနေရာတွေမှာ တိုင်းရင်းသားတွေကို ခန့်အပ်လာတာဟာလည်း ရှေ့ဦးလက္ခဏာ ထူးခြားမှုတခုအဖြစ် Vikram Nehru ရော၊ ပါမောက္ခ ခရစ်တီးနားဖင့်ခ် ပါ ယူဆခဲ့ကြပါတယ်။ အနာဂတ်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့အထိ ကြိုးစားမှုလို့ သူတို့က ဆိုခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်မှာ အစိုးရအဖွဲ့ဖွဲ့ပြီး၊ အဲဒီအချိန်တုန်းက တပ်မတော် အကြီးအကဲကိုလည်း ကရင်တိုင်းရင်းသားတဦးကို ခန့်အပ်ခဲ့တာကို သတိယမိပါတယ်။ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့၊ အားလုံးပါဝင်ခွင့်ရမယ့် အစိုးရတရပ်ကို သူ့အနေနဲ့ ယုံကြည် တယ်ဆိုတာကို ဖခင်ဖြစ်သူ လက်ထက်တုန်းကလို ပြသလိုက်တာလို့ပဲ ထင်ပါတယ်။ ဒါဟာ တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်ပါ။”

ပါမောက္ခ ခရစ်တီးနားဖင့်ခ် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေထဲက ပုဒ်မ ၅၃ (စ)အရ မြန်မာနိုင်ငံ ရဲ့ နောင်တက်လာမယ့် သမ္မတရာထူး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမည်တင်သွင်းနိုင်ခြင်းမရှိတဲ့အပေါ် အများက စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း တနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း Carnegie Center က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru ကတော့ အခုလို ဆိုခဲ့ပါတယ်။

“စစ်တပ်အနေနဲ့ အခုအချိန်အထိတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင် ပြုလွယ်ပြင်လွယ် လုပ်ချင်တဲ့ပုံမျိုး စစ်တပ်ဘက်က ပြသတာ မရှိသေးဘူး ဆိုတာကို သတိထားဖို့ အရေးကြီးပါတယ်။ မကြာခင်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်အောင် အခြေခံဥပဒေကို ပြင်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကိုတော့ လက်ခံထားဖို့လည်း လိုပါတယ်။ ဒါပေမဲ့လည်း အချိန်ကာလတခုမှာ နှစ်အတော်ကြာကြာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ NLD အစိုးရအနေနဲ့ စစ်တပ်ရဲ့ ထောက်ခံမှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ရလာတဲ့ အချိန်မျိုးမှာတော့ ဖြစ်လာနိုင်ချေရှိပါတယ်။”

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ကတော့ တည်ငြိမ်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်ဖို့နဲ့ NLD အစိုးရဖြစ်လာဖို့ အရေးကြီးတယ်လို့ မြင်နိုင်ပြီး၊ အခုလုပ်ဆောင်ချက်ဟာလည်း တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အလုပ်ဖြစ်လိမ့်မယ်ဆိုပြီး နိုင်ငံတကာက အသိအမှတ်ပြု လက်ခံသွားမှာပါလို့လည်း ပါမောက္ခ Chritina Fink က ပြောဆိုသွားခဲ့ပါတယ်

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကလေးမြို့ ရတနာရွှေဆိုင် လူစည်ကားချိန် ဓားပြတိုက်မှု နာရီပိုင်းအတွင်း ဖမ်းမိ


ကလေး မတ် ၁ဝ

ကလေးမြို့ အောင်မြေမာန်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဖွင့်လှစ်ထား သော ရွှေဝါလင်း အာမခံရွှေရတနာဆိုင်ကို မတ် ၁ဝ ရက် နံနက် ၉ နာရီခွဲက ဓားပြတိုက်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဓားပြတိုက်သူသည် တူမီးသေနတ်တစ်လက်ကိုင်ဆောင်ပြီး ပါးစပ်အား ဆေးရုံသုံးMask ဖြင့် ဖုံးအုပ်ကာ ရွှေထည်ပစ္စည်းမျိုးစုံထည့်ထား သည့် ရွှေကောင်တာကို ဆိုင်ပိုင်ရှင်ရှေ့မှောက်တွင် သေနတ်ဒင်ဖြင့် ထုခွဲ၍ ရွှေကောင်တာအတွင်းရှိ ရွှေဆွဲကြိုး ၄၁ ကုံး၊ ပြတ်စရွှေဆွဲကြိုးတစ်ကုံးနှင့် ရွှေနားကပ်ကျောက်ပါ ၂၈ ရံ စုစုပေါင်းရွှေအလေးချိန် ၅ဝ ကျပ်သားကျော်ကို နှိုက်ယူကာ အင်္ကျီအိတ်အတွင်းသို့ထည့်ပြီး ဗိုလ်ချုပ်လမ်းအရှေ့ဘက် အလုပ် သမားရုံး လမ်းဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေး တိမ်းရှောင်သွားသည်။


အမှုဖြစ်လျှင်ဖြစ်ချင်း ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့က အချိန်မီလိုက်လံရှာ ဖွေကြရာ ပြစ်မှုကျူးလွန်သူအား ကလေးမြို့နယ် နတ်ချောင်းကျေးရွာ အိုမီဂါ အရောင်းဆိုင်ရှေ့တွင် နံနက် ၁ဝ နာရီ မိနစ် ၅ဝ ၌ လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျွန်းခုံသာကျေးရွာနေ ဝင်းကြည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှစစ်ဆေးလျက် အမှုဖွင့်အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဓားကိုင်ပြီး ဆိုင်ကယ်နှစ်စီးဖြင့် လုယက်ထွက်ပြေးသူများအား ဖမ်းဆီးရမိ


မြစ်ငယ် မတ် ၁ဝ

မြစ်ငယ်မြို့ ကျွဲနဖားကျေးရွာ နေ ကိုချမ်းမြေ့သူသည် မတ် ၁ ရက် ည ၇ နာရီခွဲခန့်က ၄င်း၏တူဖြစ်သူ ဇင်မင်းခန့်နှင့်အတူ အလုပ်လုပ်ကိုင် သည့်ကုမ္ပဏီမှ နေအိမ်ရှိရာ ကျွဲနဖား ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြစ်ငယ်-ထုံးဘို အတက်ကားလမ်း မယ်တော်စုကျေးရွာအနီး၌ ၄င်းတို့ နောက်မှ ဆိုင်ကယ်နှစ်စီးကို မောင်း နှင်လာသော အမျိုးသားခြောက်ဦး သည် တုတ်၊ ဓား၊ လေးခွတို့ ကိုင် ဆောင်ကာ ကိုချမ်းမြေ့သူတို့၏ အိတ် များအတွင်းရှိ ပစ္စည်းများကို နှိုက် ယူစဉ် ၄င်းတို့နှစ်ဦးက ပြန်လည် ခုခံသဖြင့် တုတ်ဖြင့်ရိုက်၍ လေးခွ ဖြင့်ပစ်ရာ ဒဏ်ရာများ ရရှိခဲ့သော ကြောင့် အော်ဟစ်အကူအညီ တောင်းခံခဲ့သည်။

 အဆိုပါ အမျိုးသား ခြောက်ဦးသည် ၄င်းတို့စီးလာသော ဆိုင်ကယ်နှစ်စီးအနက် တစ်စီးကို ထားရစ် ထွက်ပြေးသွားသဖြင့် ဥပဒေအရအရေးယူပေးပါရန် တိုင် တန်းခဲ့ရာ မြစ်ငယ်နယ်မြေရဲစခန်း က စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား နယ် မြေရဲစခန်းမှူး ရဲအုပ်အောင်မျိုးသန့်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြစိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းဖမ်းဆီးရာ မတ် ၅ ရက်တွင် စန်းမောင် အနောက်သာ ယာကုန်းရပ်၊ ထိန်ဝင်းအောင် သရက်တန်းကျေးရွာ၊ လှိုင်ဝင်းဇော်(ခ) လစ်ပို အနောက်သာယာကုန်းရပ် ဥယျာဉ်တော်ကျေးရွာအုပ်စု အမရပူရ မြို့နယ်နေသူတို့ သုံးဦးကိုလည်း ကောင်း၊ မတ် ၆ ရက်တွင် ငြိမ်းမင်း ထွန်း(ခ) မိုးကောက်နှင့် ဟိန်းသီဟ သရက်တန်းကျေးရွာ ဥယျာဉ်တော် ကျေးရွာအုပ်စု အမရပူရမြို့နယ် နေသူနှစ်ဦးနှင့် မတ် ၇ ရက်တွင် အောင်ကျော်မိုး(ခ) ဖိုးထောင် သရက် တန်းကျေးရွာ ဥယျာဉ်တော်ကျေးရွာ အုပ်စု အမရပူရမြို့နယ်နေသူကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဦးထင်ကျော် နိုင်ငံတော်သမ္မတလောင်းဖြစ်ပြီ


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၁၇ ဦးက လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြတာကို ရေတွက်ရာမှာ အန်အယ်လ်ဒီက ရွေးချယ်တင်မြှောက်တဲ့ ဦးထင်ကျော်က ဆန္ဒမဲ အရေအတွက် ၂၇၄ နဲ့ မဲအပြတ်အသတ် ရရှိခဲ့ပါတယ်။

ဦးထင်ကျော်က (၂၇၄) မဲ ၊

ဒေါက်တာစိုင်းမောက်ခမ်း ( ၂၉ ) ၊

ပယ်မဲ ( ၁၄) မဲ။

ဒုတိယသမ္မတလောင်း ၂ ဦးရဲ့ ထောက်ခံဆန္ဒမဲအလိုက် ဦးဝင်းမြင့်က ကြေညာနေပါပြီ။

ဦးထင်ကျော် ၂၇၄ ၊ ဒေါက်တာ စိုင်းမောက်ခမ်း ၂၉ မဲ ဖြစ်ကြောင်း ဦးထင်ကျော် ဟာ ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ကြောင်း ကြေညာလိုက်ပါတယ်။

အားလုံးက လက်ခုတ်တီးပြီး ဂုဏ်ပြုတာတွေ့ရပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး ပြီးဆုံးကြောင်းလည်း ကြေညာပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

လွှတ်တော် ၂ရပ်မှာ ဒုသမ္မတကို မဲပေးရွေးချယ်


ဒီကနေ့ ဒုသမ္မတတွေ ရွေးနိုင်ဖို့ ဆန္ဒမဲပေးတာမှာ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက တင်သွင်းတဲ့ ဦးထင်ကျော်က ၂၇၄ မဲရခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လက်ရှိဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉မဲရခဲ့ပါတယ်။ ပယ်မဲကတော့ ၁၄မဲထွက်ခဲ့ပါတယ်။ မဲပေးနိုင်သူ အရေအတွက်က ၃၁၇ ယောက်ရှိပါတယ် ။ မဲအရေအတွက်အရ ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးလိုက်တဲ့ ဒုသမ္မတအနေနဲ့ ရွေးချယ်လိုက်ပါတယ်။

 အမျိုးသားလွှတ်တော်မှာတော့ NLD ပါတီက တင်သွင်းတဲ့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်တီးယူက၁၄၈ မဲရရှိခဲ့ ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကတင်သွင်းတဲ့ အရင် အမျိုးသား လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ် လက်ရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့် က ၁၃မဲ ရခဲ့ပါတယ်။ ပယ်မဲ ၆မဲထွက်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော် မှာမဲပေးနိုင်သူ အရေအတွက်က ၁၆၇ယောက်ရှိပါတယ်။ မဲအရေအတွက်အရ အမျိုးသားလွှတ်တော် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကရွေးလိုက်တဲ့
ဒုသမ္မတအနေနဲ့ ဦးဟင်နရီဗန်တီးယူ ကိုရွေးချယ်ခဲ့ပါတယ်။

အခုရွေးချယ်လိုက်တဲ့ လွှတ်တော် ၂ ရပ်က ဒုသမ္မတ ၂ဦး တပ်မတော်ဘက်ကနေတင်သွင်းမယ့် ဒုသမ္မတ
၁ဦး ပေါင်း ၃ဦးတို့ဟာ သမ္မတဖြစ်နိုင်မဖြစ်နိုင်ကို စိစစ်ခံရမှာဖြစ်ပြီး ဒီလူတွေထဲက ၁ဦးကို ဆန္ဒမဲပေးကာ သမ္မတအဖြစ်ရွေးရမှာပါ။ ကျန် ၂ဦးကတော့ ဒုသမ္မတဖြစ်လာမှာဖြစ်ပါတယ်။

VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News